Sunday, April 30, 2017

5.BALANCE

 5.BALANCE

          (BALANCE) ဆိုသည်မှာ (KATA) တွင် ပါသည့် ခြေရွှေ့ချက်များ တစ်ခုနှင့်တစ်ခု အပြောင်းအလဲ၊ အလှည့်အပတ်၊ အဆုတ်အတက်၊ ရပ်ချက်ရပ်ဟန်များကို ခေါ်သည်။ (BALANCE) မှာ မည်မျှအရေးကြီး သနည်းဆိုလျှင် အချို့သောယှဉ်ပြိုင်သူကလေးများက (KATA) ၏ သက်ဆိုင်ရာ နေရာတစ်ခုတွင် ယိမ်းယိုင်သွားလျှင်ပင် ဆက်လက်မကစားကြတော့ပေ။
အကြောင်းမှာ အမှတ်လျော့ခံရမည်ဖြစ်သော ကြောင့် ဖြစ်သည်။ ထို့ကြောင့် ယှဉ်ပြိုင်ကြရာတွင် (BALANCE) ခက်သည့် (KATA) များကို သိပ်မရွေးကြပေ။ ဆရာ့အတွေ့အကြုံအရ ပြောရလျှင် (BALANCE) အခက်ဆုံးသည် (GANKAKU KATA) ဖြစ်သည်။ ခြေတစ်ချောင်းထဲဖြင့် (BALANCE) ကို ထိမ်းရသည့် လှုပ်ရှားမှုပေါင်း (၃-၄)ခုလောက်ပါသည်။ (GANKAKU KATA) ၏ ကကွက်ကြီး ပြီးဆုံးကာနီး လှုပ်ရှားမှုတစ်ခုတွင် အရုပ်ကလေးလို ငြိမ်နေရသည်။ ပြီးမှ (Oi Zuki) ကို တက်ထိုးရသည်။ သို့ဖြစ်၍ ပြိုင်ပွဲတွင် (GANKAKU KATA) ကို အက-နည်းကြောင်း တွေ့ရသည်။
          နောက်ထပ် (BALANCE) နည်းနည်းခက်သည့် ကကွက်မှာ (BASSI-SHO KATA) ဖြစ်သည်။ ထိုအတွက်လည်း ယှဉ်ပြိုင်ရန် ရွေးခဲလွန်းကြသည်။ တစ်ဖန် (KANKAKU-SHO KATA) မှာ လေထဲတွင် (၃၆၀)ဒီဂရီခုန်လှည့်ပြီး (Shuto Uke) ကို ခုန်ထကာ တားရသည်။ (KANKU-SHO) ကိုမူ ပြိုင်ပွဲတွင် ရွေးကြ၊ က-ကြ သည်က များပါသည်။ သို့သော် ခုန်ပြီး ပြန်အကျတွင် (BALANCE) မထိမ်းနိုင်ကြသည်က များသည်။ ထို့ကြောင့် အမှတ်ကောင်းကောင်း မရပေ။ သို့အတွက် (BALANCE) ထိန်းရန် မခက်ခဲသော (KATA) ကိုသာ ပြိုင်ပွဲတွင် အရွေးများကြသည်။
          ပြိုင်နေကြ (KATA) များထဲမှ ပြောရလျှင် (UNSU) တွင် လေထဲ၌ခုန်လှဲကာ အိပ်ရသည့်နေရာ ပါသည်။ ဤနေရာတွင် (BALANCE) တတ်သည်။ ဆန်းပြားသည်မှာ ခုန်ခြင်းပြုခြင်းမပါဘဲ (BALANCE) လွတ်တတ်သည်။ ပြိုင်ပွဲတွင် အလွန်ရေပန်းစားနေသည့် (KATA) တစ်ခုမှာ (GOJUSHIHO-DAI) ဖြစ်သည်။ ယင်းကကွက်တွင် (Nikoashi Dachi) နှင့် (၁၈၀)ဒီဂရီ၊ (၂၇၀)ဒီဂရီ လှည့်ရသော နေရာများ ပါဝင်သည်။ တော်တော်များများ (BALANCE) လွတ်ကြကြောင်း တွေ့ရသည်။ ပြိုင်ပွဲအနေဖြင့် ဆိုရလျှင် (KATA) ကို ပြိုင်ပွဲရှုထောင့်မှ ကြည့်ပါက (BALANCE) သည် အတော့်ကို အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒိုင်များကလည်း ယိုင်တိုင်း အမှတ်လျော့ပစ်တတ်ကြသည်။ ရှိသမျှ (Dachi) အားလုံးသည် ငြိမ်ပြီးခိုင်ခန့်နေမှသာလျှင် ထို (KATA) ကို က-သည့် ပုဂ္ဂိုလ်အား အမှတ်များများ ပေးသင့်လှ ပေသည်။

No comments:

Post a Comment