ဆရာကြီး ဦးကျော်ညွန့်၏ အမှာစာ
ပြီးခဲ့သည့် အဆာဟိအမှုဆောင် အစည်းအဝေး၌ (၁၉၉၄)တွင် ကျင်းပမည့် အဆာဟိကရာတေး
အသင်းကြီး၏ ငွေရတုသဘင်အတွက် ရန်ပုံငွေရှာရန် တင်ပြဆွေးနွေးကြပါသည်။ ကရာတေးနှင့် ပတ်သက်၍
ဗဟုသုတတိုးစေရန်အတွက် စာအုပ်ငယ်တစ်ခုပြုစုဖို့ တပည့်အားလုံးက တောင်းပန်ကြသည်။ ဘုရားလည်းဖူးရင်း
လိပ်ဥလည်းတူးရင်းဆိုသလို ရန်ပုံငွေလည်းရ၊ ဗဟုသုတလည်းရနိုင်ရန် ဤနည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း
တင်ပြကြသည်။
ကျွန်တော်လည်း ဆောင်ရွက်ပေးပါမည်ဟု လိုလိုချင်ချင်ပဲ
ကတိပေးလိုက်ပါသည်။ ဤတွင်
အလျင်းသင့်၍ ဖော်ပြလိုပါသည်။ စာရေးတာကတော့ ဗီဇကပင် ကျွန်တော်ဝါသနာပါ ပါသည်။ ဂုတ် ကျီးပေါင်းတက်ခြင်းဖြစ်ပါသည်။
ကျွန်တော့်ရောဂါသည် စာရေးခြင်းနှင့် ဖီလာဖြစ်နေပါသည်။ ခေါင်းငုံ့ မေးချိုးပြီး ဘာမျှမလုပ်ရဟု
သမားတော်က တားမြစ်ပါသည်။ ကရာတေးကိုလည်း လုံးဝမကစားရဟု ပိတ်ပင်ထားသည်။
ဒီတော့ ကျွန်တော်က
တပည့်များကို ပြေပြရသည်။ “ ရေးတော့ရေးမယ်၊ ငါကိုယ်တိုင် မရေးနိုင်ဘူး၊ (Cassette) ကက်ဆက်မှာ
အသံဖမ်းပြီး မင်းတို့က ငါ့ကိုယ်စား ရေးပေးကြ ” ဟု မှာကြားရ သည်။ ဆိုလိုသည်မှာ စာကိုယ်တွင်ပါသော
အကြောင်းအရာများသည် ကျွန်တော်၏ ကိုယ်ပိုင်အရေးအသား များ မဟုတ်ပါ။ ကျွန်တော်၏ တပည့်များကို
ကရာတေးသမိုင်းနှင့် ပတ်သက်၍ ဖတ်ဖူးကြားဖူးသည်များကို တပည့်များအား ပုံပြောပြသလို ပြောပြခြင်းသာဖြစ်ပါသည်။
ကရာတေးအကြောင်းပြောလျှင် (FUNAKOSHI)၏ အကြောင်းမပါလျှင်
မပြီးပါ။ အဘယ်ကြောင့် ဆိုသော် (FUNAKOSHI) သည် ခေတ်ပေါ် ကရာတေး၏ ဖခင်ဖြစ်ပါသည်။ ဂျပန်ပြည်၌ ကရာတေးမျိုးစေ့ကို ချပေးရုံသာမက အကိုင်းအခက်အပွင့်အသီးများဖြင့်
ရှင်သန်ဝေဆာလာအောင် အဓိက ဆောင်ရွက်ပေးသူ လည်းဖြစ်ပါသည်။
(FUNAKOSHI) ဂျပန်ပြည်သို့ ကရာတေးပညာကို
သယ်ဆောင်လာပြီးနောက်မှ အောက်ပါ ကရာတေးဆရာကြီးများသည် မိမိတို့နှင့်ပတ်သက်သော ကရာတေးပညာများကို
ပံ့ပိုးယူဆောင်လာကြ သည်။ ဆရာကြီး (MIYAGI) က (Goju Style) ကို လည်းကောင်း၊ ဆရာကြီး
(MABUNI) က (Shito-Ryu Style) ကို လည်းကောင်း၊ ဆရာကြီး (OTSUKA) က (Wado-Ryu
Style) ကို လည်းကောင်း ယူဆောင်လာကြသည်။
ဤစာအုပ်လေးသည် ထယ်ဝါခန့်ညားခြင်း အဆင့်မမှီလောက်သော်လည်း
ကရာတေးပညာ ဗဟုသုတနှင့် ပြည့်နှက်နေသော စာအုပ်လေးဖြစ်ပါသည်။ ကရာတေးဝါသနာရှင် လူကြီးလူငယ်မရွေး
အတွက် အသုံးကျမည်ဟု လုံးဝယုံကြည်ပါသည်။ ငွေရတုသဘင်အတွက် ရန်ပုံငွေရှာရာမှ ကရာတေး ဝါသနာရှင်အားလုံးအတွက်
အကျိုးပြုစာအုပ်လေးဖြစ်ပါစေလို့လည်း ဆုတောင်းမိပါသည်။
PS; ဤစာအုပ်လေးတွင် ဆရာကြီးဦးကျော်ညွန့်၏ အမှာစာနှင့် အခန်း(၇)ခန်းပါဝင်ပါသည်။ မာတိကာတွင်ဤစာအုပ် ဖြစ်မြောက်လာစေရန် ပံ့ပိုးကူညီပေးကြသော ပုဂ္ဂိုလ်အားလုံးအား ကျေးဇူးတင်ပါသည်။ အထူးသဖြင့် ကိုယ်တိုင် မရေးသားနိုင်၍ ပြောပြသမျှအားလုံးကို ကက်ဆက်ဖြင့်ဖမ်း၍ စာမူအဖြစ် ရေးပေးကြသော ဆရာကျော်စိုးဦး၊ ဆရာခင်မောင်အေး၊ ဆရာခင်မောင်တိုး၊ ဆရာသန်းဌေး၊ ခါးစည်းအညို မောင်စိုးနိုင်တို့အား အထူးကျေးဇူးတင်ပါသည် ဟု ပါရှိပါသည်။ စာအုပ်လေး၏ သက်တမ်းမှာ ယခုအချိန်တွင် နှစ်(၂၀)ကျော်ပြီဖြစ်သည်။ ကျွန်တော့်ထံမှာရှိသည့် ကော်ပီပွားထားသည့် စာအုပ်လေးသည်ပင် ဆယ့်သုံးနှစ်ကျော်ဖြစ်သည်။ အကြိမ်ကြိမ်ရိုက်နှိပ်ဖြစ်မည့် စာအုပ်မဟုတ်သဖြင့် ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်သည်။ ဝါသနာပါရာ ဘဝတူများအတွက်လည်း ဗဟုသုတရစိမ့်သောငှါ ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။ အားလုံးသော ဆရာကြီးများအား ဦးနှိမ်ရိုကျိုး ဂါရဝပြုလျှက် ....
No comments:
Post a Comment