Saturday, November 21, 2015

ဂျပန်ပြည်သို့ ကရာတေး ပြန့်ပွားလာခြင်း(၂)




      ကရာတေးသမိုင်းနှင့် ပတ်သက်၍ အထင်ကရဖြစ်စေသော အကြောင်းတစ်ရပ်လည်း ရှိသေး၏။ (၁၉၂၁)ခုနှစ်က ဂျပန်ပြည်၏ အိမ်ရှေ့မင်းသား (HIRO HITO) (ယခုကွယ်လွန်သွားသော ဘုရင်မင်းမြတ်) သည် ဥရောပခရီးစဉ်သွားရင်း အိုကီနာဝါကျွန်း၌ ခေတ္တဝင်ရောက် ရပ်နားခဲ့ပေသည်။ ထိုစဉ်က အိမ်ရှေ့ မင်းသားကို စောင့်ရှောက်လိုက်ပါသည့်ပုဂ္ဂိုလ်မှာ အိုကီနာဝါကျွန်းဇာတိဖွား ဗိုလ်ကြီး (NORIKUZU KANNA) ဖြစ်သည်။ ဗိုလ်ကြီးမှာ အိုကီနာဝါကျွန်းသားဖြစ်သည့်အတွက် အိမ်ရှေ့မင်းသားအား ကရာတေး ပညာဖြင့် ဧည့်ခံလိုသောကြောင့်
(FUNAKOSHI) ကို စီစဉ်ဆောင်ရွက်ပေးပါရန် တောင်းပန်မေတ္တာရပ်ခံခဲ့ သည်။ သို့ဖြင့် (FUNAKOSHI) လည်း (SHURI) ရဲတိုက်တွင် ကရာတေးပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပေသည်။ (FUNAKOSHI) အနေနှင့်လည်း  အိမ်ရှေ့မင်းသားရှေ့မှောက်တွင် ကရာတေးပညာပြသခွင့်ရခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုပြန်လည်စဉ်းစားမိလျှင်ပင် ယခုထိ ပီတိဖြစ်ဂုဏ်ယူ၍ မဆုံးသေးပါဟု ပြောစမှတ်ဖြစ်သည်။
          အဘယ့်ကြောင့်ဆိုသော် မိမိနှစ်သက်မြတ်နိုးသည့် ကရာတေးပညာကို ဂျပန်ပြည်အားအုပ်စိုးသည့် အိမ်ရှေ့မင်းသားရှေ့တွင် ပြသခွင့်ရသောကြောင့်ပင်ဖြစ်သည်ဟု ဆိုခဲ့သည်။
          အိမ်ရှေ့မင်းသားကိုလည်း အိုကီနာဝါကျွန်းနှင့်ပတ်သက်၍ မည်သို့ထင်မြင်ကြောင်း မေးမြန်းကြ သည့်အခါ အိုကီနာဝါကို မမေ့နိုင်သည့်အကြောင်း (၃)ချက်ရှိကြောင်း ၎င်းကပြောခဲ့သည်။ ပထမအချက်မှာ အလွန်အင်မတန် သာယာလှပသည့် အိုကီနာဝါရှုခင်းများကို တွေ့မြင်ခံစားရသည့်အတွက် ဖြစ်သည်။ ဒုတိယအချက်မှာ (SHURI) ရဲတိုက်ရှိ နဂါးရုပ်တုမှ ရေပန်းများဖြာထွက်နေသော ရှုမြင်ကွင်း (THE DRAGON DRAIN THE MAGIC FOUNTAIN IN SHURI CASTLE)  ကြောင့်ဖြစ်သည်။ တတိယအချက် မှာ သူ့အနေနှင့် ဘယ်တော့မှ မမေ့နိုင်တော့သည့် ကရာတေးပညာကြောင့် ဖြစ်သည်ဟု မိန့်ဆိုခဲ့ပေသည်။

No comments:

Post a Comment