ဂျပန်ပြည်သို့
ကရာတေး ပြန့်ပွားလာခြင်း(၄)
            (FUNAKOSHI)
နှင့် (SHIN KIN GIMA) တို့ တွဲဖက်ပြသခဲ့သည်ကို (JIGORO KANO) က အလွန်သဘောကျ၍ ၎င်းပညာ
(KARATE KATA) များကို မိမိတပည့်များလေ့လာလျှင် မည်မျှကြာမည် ထင်ကြောင်း မေးမြန်းခဲ့သည်။
(FUNAKOSHI) ကလည်း အနည်းဆုံး တစ်နှစ်ခန့် ကြာမည်ထင်ကြောင်း ပြောပြခဲ့သည်။ (KANO) က
အခြေခံမျှ သင်ကြားပို့ချပေးရန် ပြောဆိုလာသဖြင့် (JUDO) သမားများနှင့် ကိုက်ညီအောင်
(FUNAKOSHI) က သင်ကြားပေးခဲ့သည်။ 
          (FUNAKOSHI) မှာ ကရာတေးပြပွဲပြီးနောက် အိုကီနာဝါသို့
ပြန်လိုသော်လည်း ဂျူဒိုဆရာကြီး (KANO) နှင့် ကမ္ဘာကျော်ပန်းချီဆရာကြီး (HOAN
KOSUGI) တို့ကြောင့် မပြန်ဖြစ်ခဲ့ပေ။ သို့ဖြင့် ကမ္ဘာကျော် ပန်းချီဆရာကြီး (HOAN
KOSUGI) ကလည်း ၎င်းအား ကရာတေးပညာသင်ကြားပေးရန် တောင်းဆိုလာ သဖြင့် (FUNAKOSHI) မှာ ဒုတိယမ္ပိ
မငြင်းသာပဲ ဂျပန်တွင် ဆက်လက်နေဖြစ်ခဲ့ပြန်သည်။ 
          ဤသို့ ဂျူဒိုသမားနှင့် ပန်းချီဆရာတို့အား
ကရာတေးပညာကို သင်ကြားပေးရင်းကပင် (FUNAKOSHI) စဉ်းစားမိသည်မှာ ကရာတေးပညာကိုဖြန့်ရန်
အကောင်းဆုံးနေရာမှာ ဂျပန်တွင်ပင် ဖြစ်ကြောင်းပင် ဖြစ်၏။ ဤအကြောင်းကိုလည်း မိမိ၏ဆရာကြီးဖြစ်သူ
(AZATO) နှင့် (ITOSU) တို့ထံ တင်ပြခွင့်တောင်းရာ ခွင့်ပြုခဲ့ရုံမျှမက ကရာတေးပညာဖြန့်ဖြူးသည့်အတွက်
ဘဝတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်ကြောင်း (FUNAKOSHI) အား သတိပေးပြောဆိုခဲ့ပေသည်။
          ဆရာကြီးများ၏ ကြိုတင်ဟောကိန်းကား မှန်ခဲ့လေပြီ။
(FUNAKOSHI) မှာ အိုကီနာဝါကျောင်းသား များ စုဝေးရာ (MEISEI JUKU) တွင် နေရင်း ကရာတေးသင်ကြားပေးနေသည်။
သို့သော် သင်တန်းသားနှင့် အခကြေးငွေ နည်းပါးသည့်အတွက် အိုကီနာဝါရှိ မိသားစုထံ ငွေကြေးမပို့နိုင်ရှာခဲ့ပေ။
သူနေသည့် အခန်းကျဉ်းကလေး၏ လခမှန်မှန်ပေးနိုင်ရေးအတွက် ဒရဝမ်၊ ဥယျာဉ်မှူး၊ တံမြက်လှဲ
စသည့် အလုပ်မျိုးစုံ ကို ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ မိမိဝါသနာသန်ရာ ကရာတေးပညာ ဖြန့်ဖြူးရေးအတွက်
ဒုက္ခမျိုးစုံကို စတင်ခံစားခဲ့ရသည်။ တစ်ခါတစ်ရံ တပည့်များ မသိအောင် အပေါင်ဆိုင်သို့သွားကာ
ရှိစုမဲ့သုကလေးများကို ပေါင်နှံခဲ့ရရှာသည်။ ပေါင်စရာပစ္စည်း မကျန်တော့သောအခါ ယခင်က သူဝတ်ဖူးသည့်
ဂျပန်အမျိုးသား ဝတ်စုံ “ ကီမိုနို ” (KIMONO) လက်ယက်ကလေးကိုပင် ပေါင်နှံခဲ့ရရှာသည်။
အပေါင်ဆိုင်ကလည်း သူ့အား အများထက် ဈေးပိုပေးခဲ့ပေသည်။ အကြောင်းမှာ အပေါင်ဆိုင်စာရေး၏
ညီမှာ (FUNAKOSHI) ၏ အသင်း တွင် ကစားနေသူဖြစ်သောကြောင့် ဖြစ်သည်။ 

No comments:
Post a Comment