Wednesday, October 28, 2015

ကရာတေးသမိုင်း(၄)


ကရာတေးသမိုင်း(၄)


(FUNAKOSHI) သည် ကရာတေး၏ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း (KARA) ကို ၎င်း၏ဆန္ဒအရ ပိုမိုလေးနက်သည့် အဓိပ္ပါယ်ရောက်အောင် လူသားအားလုံး၏ လောဘ၊ ဒေါသ၊ မောဟ စသော မီးဆယ့်တစ်ပါးကို ငြိမ်းစေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်ခြင်းပညာဟု ဒဿနိကဗေဒဆန်ဆန် ဖွင့်ဆိုခဲ့သည်။ ဤသို့ဖွင့်ဆိုခြင်းမှာ တရားတော်၌ ထိုသဘောမျိုး ရှိခြင်းကြောင့်ဖြစ်သည်။ ဂျပန်လို (SHIKI-SOKU-ZE-KU) (MATTER IS VOID) နှင့် (KU-SOKU-ZESHIKI) (ALL IS VANITY)တို့ ဖြစ်ပြီး မြန်မာလိုအဓိပ္ပါယ်မှာ “ ဒြပ်တို့၏ တည်မြဲမှု မရှိခြင်း ” နှင့် “ အရာအားလုံး အနတ္တသဘောဖြစ်ခြင်း ” တို့ဖြစ် ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ခရ(KARA) နှင့်ပတ်သက်၍ (FUNAKOSHI) သည် (KARATE-DO KYOHAN) စာအုပ်တွင်လည်း ဆက်လက်ရှင်းပြထားခဲ့သေး၏။ ခရ(KARA) များနှင့်ပတ်သက်၍မူ (FUNAKOSHI) တို့ခေတ်က ဆရာများမှ တစ်ဆင့် ပါးစပ်နှင့် သင်လာခဲ့ခြင်းဖြစ်၍ ခရ(KARA) များသည် အချိန်အခါအလိုက်၊ ပို့ချသည့် ဆရာကို လိုက်၍ အကွက်နှင့်အယူအဆ အပြောင်းအလဲများ အနည်းငယ်ကွာဟမှု ရှိခဲ့ပေသည်။ တိုကျိုမြို့သို့ (FUNAKOSHI) ရောက်ပြီး မကြာခင် (၁၉၂၂) တွင် (FUNAKOSHI) ၏ ပထမဆုံးဖြစ်သော (RYU KYU KEMPO: KARATE) စာအုပ်ကို (BUKYOSHA) ကုမ္ပဏီမှ စတင်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထုတ်ဝေသော အချိန်အထိ ခရ(KARA) ကို “ တရုတ်လက် ”ဟု ပြန်ဆိုကြဆဲဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။ ယင်းစာအုပ် ပါ ကကွက်(KATA)များမှာလည်း ရှေးကျသော အိုကီနာဝါအခေါ်နှင့် စာအုပ်ဖြစ်ခဲ့သည်။ ခတ(KATA) အမည်များမှာလည်း (FUNAKOSHI) ၏ ဆရာကြီးများလက်ထက် ကတည်းက ခေါ်ဆိုသောနာမည် များဖြစ်ပြီး (PINANS) (NAIHANCHI) (CHINTO) (SEISHAN) (SANCHIN) တို့ ဖြစ်ကြသည်။
ထိုကရာတေးကကွက်များကို ဂျပန်ပြည်သို့ လာရောက်ပို့ချသောအခါ ဂျပန်လူမျိုးတို့ ပိုမိုနားလည် လွယ်ရန် ဂျပန်အမည်များဖြစ်သည့် (HEIANS) (TEIKKI) (GANKAKU) (HANGEISU) ဟု ပြောင်းလဲ ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ အိုကီနာဝါအခေါ်များကို ဂျပန်အမည်ပြောင်းခြင်းဖြင့်  ရှေးကရှိခဲ့ဖူးပြီးသော ကိုယ်ခံပညာကို ပြန်လည်ဖော်ထုတ် မိတ်ဆက်ပေးနိုင်ရုံမက ဂျပန်မှအစ တစ်ကမ္ဘာလုံးသို့ နောင်တွင် ပေါ်ထွန်းတွင်ကျယ်လာမည့် ကရာတေးပညာရပ်ကိုပါ မျိုးစေ့ချပေးနိုင်ခဲ့သဖြင့် ခေတ်သစ်ကရာတေး ဆရာကြီးဟု (FUNAKOSHI) ကို ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပေသည်။

No comments:

Post a Comment