Monday, October 26, 2015

ကရာတေးသမိုင်း(၂)




ကရာတေးသမိုင်း(၂)

၁၆၀၉ ခုနှစ်ခန့်တွင် အိုကီနာဝါ၏ လက်ရှိဘုရင်ကို ဂျပန်ကျွန်းများက ရန်ပြုနယ်ချဲ့လိုသည့်အတွက် စစ်သားများစုဆောင်းခဲ့သည်။ ထိုသို့စုဆောင်းရာတွင် အိုကီနာဝါကျွန်းမှ ကရာတေးသမားများ ပါဝင်ခဲ့သည်။ အိုကီနာဝါသို့ ပထမဆုံးဝင်ရောက်သည့် နယ်ချဲ့ဘုရင်မှာ (SATSUMA) ဒေသကို အုပ်စိုးသည့် ဘုရင် (SHIMASU) ဖြစ်သည်။ (SHIMASU) ခေါင်းဆောင်သည့် နယ်ချဲ့တပ်များကို အိုကီနာဝါကျွန်းရှိ စစ်သည်တို့က သတ္တိပြောင်စွာ ရွပ်ရွပ်ချွန်ချွန်တိုက်သော်လည်း အင်အားခြင်းမမျှသဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိမ့်ရသည့်အတွက်(SHIMASU) အုပ်ချုပ်နေသည့် အချိန်တွင်လည်း အိုကီနာဝါရှိ လူကြီးရော၊ ကလေးပါမကျန် လက်နှက်ကိုင်ခွင့် ပိတ်ပင်တားမြစ်ခံရပြန်သည်။ ထိုသို့လက်နှက်ကိုင်ဆောင်ခွင့်ကို တားမြစ်တိုင်း၊ တားမြစ်တိုင်း၊ လက်နှက်မဲ့တိုက်ခိုက်မှုပညာကို အားသွန်ခွန်စိုက်ပိုမိုလေ့လာ လိုက်စားခဲ့ ကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့ဖြင့် ကရာတေးပညာမှာ ပိုမိုထင်ပေါ်လာခဲ့သည်။


တစ်ဖန် အိုကီနာဝါကျွန်းတွင် နေကြသည့်လူများသည် တရုတ်ပြည်တောင်ပိုင်း (FUKIEN) နှင့် ကူးသန်းရောင်းဝယ်မှု ရှိခဲ့သည်။ ဤတွင် တရုတ်ပြည်မှ တရုတ်သိုင်း (KEMPO)၊ တရုတ်ဘောက်ဆင်များ ကို သယ်ဆောင်လာကြလိမ့်မည်ဟု (FUNAKOSHI) က ဆိုသည်။ ထို (KEMPO) မှာ ကရာတေးဖြစ်လာ ကြောင်း ယူဆရသည်။

ဦးစွာ အိုကီနာဝါတွင် (KEMPO) ကို ပြောင်းကျင့်ရာမှ အိုကီနာဝါတေးဟု၎င်း၊ ကရာတေး(KARATE) ဟုလည်းကောင်း ခေါ်ခဲ့ကြသည်။ အိုကီနာဝါတေးဆိုသည်မှာ ထိုကျွန်းရှိ ရှိရင်းစွဲပညာကိုပါ ပေါင်းစည်းခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ခေါ်ခေါ် ထိုအခေါ်နှစ်ခုမတူသည်ကမူ သတိချပ်စရာဖြစ်သည်။ (MEIJI) ခေတ်ဦးပိုင်းအထိ လက်နှက်သုံးခွင့်တားမြစ်ခံရသည့်အတွက် အိုကီနာဝါ၏ ရိုးရာအကများတွင်ပါသည့် ခြေလက်လှုပ်ရှားဟန်များမှာ ကရာတေးကကွက်များတွင်ပါသော လှုပ်ရှားဟန်များနှင့် သွားတူညီနေကြောင်း တွေ့ရသည်။ အိုကီနာဝါကျွန်းအကသည် မည်သည့်ကျွန်းဒေသ က အကများနှင့်မှ တူညီမှုလုံးဝမရှိခဲ့ပေ။ ခြေလက်လှုပ်ရှားဟန်များမှာ မညက်ညောဘဲ အားပါနေသည်ကို တွေ့ရသည့်အတွက် ကိုယ်ခံပညာဖြစ်သော ကရာတေးပညာကို ပူးတွဲထည့်သွင်းထားကြောင်း သိသာသည်။

ထို့ကြောင့် ရှုရိရဲတိုက်(SHURI) ၏ မြို့ဝင်ဂိတ်တံခါးတွင် (SHURI NOMON THE GATE OF COURTESY) ဟု အသေအချာ ချိတ်ဆွဲရေးထိုးထားကြောင်း တွေ့ရသည်။ အဓိပ္ပါယ်မှာ …

“ ကရာတေးပညာသည် အစရော အဆုံးပါရိုသေသည့် ယဉ်ကျေးမှုနှင့် ဖြစ်သည် ”

“ KARATE BEGINS AND ENDS COURTESY ” ဟူ၍ ဖြစ်သည်။

(FUNAKOSHI) သည် ကရာတေး၏ အဓိပ္ပါယ်ကို “ တရုတ်လက်” မှ “ လက်နှက်မဲ့ပညာ ” သို့ ပြောင်းခဲ့သူဖြစ်သည်။ ထိုသို့ပြန်ဆိုရာတွင် ဂျပန်လို စကားလုံးတစ်လုံးသည် အဓိပ္ပါယ်သုံးလေးမျိုး ထွက်နေသည့်အတွက် အလွန်ခက်ခဲခဲ့ရပေသည်။ “ တေ့ ” (TE) မှာ “ လက် ” ကိုခေါ်သည့်အတွက် အရှုပ်အရှင်း မရှိခဲ့ပေ။ သို့သော် (KARA) မှာမူ ခမ်းဂျီးအနေဖြင့်ပြန်လျှင် “ တရုတ် ” ဟု အဓိပ္ပါယ်ရပြီး၊ “ ဘာမျှ မရှိခြင်း ” ဟုလည်း အနက်ထွက်သေးသည်။ ထို့ကြောင့် ကိုယ်ခံပညာတစ်ရပ်ဖြစ်သည့် ကရာတေး (KARATE) ကို “ လက်နှက်မဲ့ပညာ ” ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

No comments:

Post a Comment