Saturday, October 10, 2015

ကရာတေးသမိုင်း





ကရာတေးသမိုင်း

(GICHIN FUNAKOSHI) သည် ကရာတေး၏ သမိုင်းကို သုံးသပ်ရာတွင် အခက်အခဲများကို တွေ့ရသည်။ သမိုင်းရေးအချက်အလက်၊ အထောက်အထားစာများ မရှိခြင်း၊ ကရာတေးပညာကို မည်သူက တီထွင်၍ မည်သို့တိုးတက်လာအောင်လုပ်ကာ မည်သည့်အချိန်က စတင်ပေါ်ပေါက်လာပြီး မည်သို့ ပြောင်းလဲသည်ကို မသိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ပါးစပ်ရာဇ၀င်အဖြစ်သာ သိခဲ့ရသည့် ကရာတေး သမိုင်းကြောင်းတွင် တစ်ခါတစ်ရံ စိတ်ကူးယဉ် ဒဏ္ဍာရီဆန်သည့် မမှန်ကန်သောအချက်အလက်များ ပါဝင်လာတတ်ပေသည်။
(FUNAKOSHI) ငယ်စဉ် (MEGI) ခေတ်ဦးကဆိုလျှင် ကရာတေးပညာကို အစိုးရက ပိတ်ပင် တားမြစ်ခဲ့သဖြင့် တရားဝင်လေ့ကျင့်သင်ကြားခွင့် မရပေ။ ကရာတေးအသင်းများနှင့် ကြေးစားဆရာ များလည်း မရှိသဖြင့် ကျွမ်းကျင်သူပုဂ္ဂိုလ်များက တပည့်အနည်းငယ်ကိုသာ လျှို့ဝှက်သင်ကြားပေးခဲ့ရ သည်။ ကရာတေးဖြင့် အသက်မွေးဝမ်းကြောင်းသည့် အလုပ်မျိုးလည်း ထိုခေတ်က မရှိပေ။ ထို့ကြောင့် (FUNAKOSHI)က …
" ကျွန်တော်ဟာ ဆရာကြီး(AZATO) ရဲ့တစ်ဦးတည်းသော တပည့်ဖြစ်ပါတယ် …"

ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ဆရာကြီး (AZATO) ၌မူ တပည့်အနည်းငယ်ရှိပေသည်။
ထိုစဉ်က ကရာတေးပညာသည် ပိတ်ပင်ခြင်းလည်းခံရ၊ ကြေးစားဆရာများလည်း မရှိသည့်အပြင် အခြေခံသင်ရိုး (KIHON WAZA) များကိုလည်း စာဖြင့် ရေးမှတ်ခြင်း မရှိခဲ့ကြပေ။ ထိုကြောင့် ကရာတေး ပညာ (KARATE DO) ကို မိမိလိုပြန့်နှံ့အောင်လုပ်သူများအဖို့ အခက်အခဲများစွာတွေ့ကြောင်း (FUNAKOSHI) က ၀မ်းနည်းစကားဆိုခဲ့သည်။ ဤသို့သော အခက်အခဲများကြားမှပင် ၎င်း၏ဆရာကြီးများ မိန့်ဆိုချက်များကို မှီးကာ (FUNAKOSHI)က ကရာတေးပညာသမိုင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံနှင့်ပတ်သက်ပြီး ပြင်သစ်စစ်ဗိုလ် နပိုလီယံက ကမ္ဘာ့အရှေ့စွန်းပိုင်းတွင် လက်နက် ကိုင်ဆောင်ခြင်းမရှိဘဲ ခုခံကာကွယ်နိုင်ကြသည့် ဘုရင်အုပ်စိုးသော နိုင်ငံငယ်ကလေး (SMALL KINGDOM) ကို တွေ့ဖူးကြောင်း ပြောခဲ့ဖူးသည်။ ထိုနိုင်ငံငယ်လေးမှာ အခြားမဟုတ်၊ ထိုခေတ်က အိုကီနာဝါ ကျွန်းများကိုခေါ်သည့် ရုကျူကျွန်းများ (RYUXYU ISLANDS) ပင်ဖြစ်သည်။ လက်နက် စွဲကိုင်ခြင်းကို ဟန့်တားခံရသည့်အတွက် ကျွန်းသူ၊ ကျွန်းသားများက လက်နက်မဲ့ကရာတေးပညာကို လိုက်စားခဲ့ကြခြင်းဖြစ်သည်။ လက်နက်မကိုင်ရအမိန့်ကို ရုကျူကျွန်း၌ နှစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။  ပထမအကြိမ်မှာ လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ကျော်ကဖြစ်ပြီး ဒုတိယအကြိမ်မှာ နောက်နှစ်(၂၀၀)အကြာ တွင် ထပ်ပြီးထုတ်ခြင်းဖြစ်သည်။
ရုကျူကျွန်းကို ထိုအချိန်က သုံးပိုင်းခွဲကာ ဘုရင်ငယ်များနှင့် အုပ်ချုပ်ခဲ့သည်။ ၎င်းသုံးနယ်မှာ (CHUZAN, NANZAN, HOKUZAN) တို့ဖြစ်သည်။ ချူဇန်ကို အုပ်ချုပ်သည့်ဘုရင်ငယ်သည် မြို့စား၊ နယ်စားသာသာရှိသည့် (SHO HASHI) ဖြစ်သည်။ နောက်ပိုင်း၌ ၎င်းကပင် ကွဲပြားနေသည့်နယ်များကို တစ်စည်းတစ်လုံးတည်းပေါင်းပြီး အုပ်ချုပ်ခဲ့သည်။ (SHO HASHI) ဘုရင်ကိုယ်တိုင်က လက်နက်များ စွဲကိုင်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ဘူးသည်။ ဒေသသုံးခုကို ပေါင်းစုသည့် ဗဟိုအစိုးရမြို့တော်အဖြစ် (SHURI) ကို သတ်မှတ်ခဲ့သည်။ (SHO HASHI)လက်ထက်က စ-သည့် ဗဟိုအစိုးရချုပ်ကိုင်မှုစနစ်သည် ရာစုနှစ်ခု (နှစ်-၂၀၀) ထိတိုင်ခဲ့သည်။

No comments:

Post a Comment