Thursday, October 1, 2015

FUNAKOSHI ၏ ဆရာကြီးနှစ်ဦး(၄)









(AZATO) မှာ ကရာတေးပညာအပြင် ဒါးသိုင်းအရာမှာလည်း အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်သေး သည်။ သို့သော် ၎င်း၏ဒါးသိုင်းပညာနှင့်ပတ်သက်၍ ကြွားဝါသည့်စကားမျိုး မပြောဘူးကြောင်း၊ (FUNAKOSHI) က  ဆိုခဲ့သည်။ တစ်ကြိမ်တွင် …
          “ FUNAKOSHI ရေ … ဂျပန်မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဒါးသိုင်းသမားတွေနဲ့ ယှဉ်ရရင် ငါတော့ ရှုံးလိမ့်မယ် မထင်ဘူး ”ဟု ပြောခဲ့ဖူးသည်။
          ဆရာကြီး (AZATO) ယုံကြည်သည့်အတိုင်း အဖြစ်အပျက်တစ်ခု ဖြစ်သွားဖူးသည်။ ထိုစဉ်က အိုကီနာဝါတွင် နာမည်ကြီးဒါးသိုင်းဆရာကြီး (YORIN KANNA) ဆိုသူတစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူ၏ ဒါးသိုင်း ပညာကောင်းမှု၊ တရုတ်စာပေ ကျွမ်းကျင်မှုနှင့် ခန္ဓာကိုယ်ဖွံ့ထွားကြံ့ခိုင်မှုက လူတိုင်းပါးစပ်ဖျားတွင် အထူး ရေပန်းစားခဲ့ရသည်။ (AZATO) နှင့်မူ ယှဉ်နိုင်စရာမရှိဟု ထင်ရလောက်သည်။ သို့သော် တကယ်တမ်း ဒါးရေးယှဉ်ပြိုင်ရာ၌ ဆရာကြီး (AZATO) ကပင် အနိုင်ရခဲ့သည်။
          “ ဆရာ၊ ဘယ်လိုနိုင်အောင် လုပ်ခဲ့ပါသလဲ …”

ဟု မှတ်သားဖွယ်မေးခွန်းတစ်ခု မေးခဲ့ဖူးပါသည်။ ဆရာကြီး (AZATO) က …
          “ ဆရာ (KANNA) ဟာ ဒါးသိုင်းမှာ သိပ်ကျွမ်းကျင်တယ်၊ ကျွမ်းကျင်တာထက်ကို သူဘယ်လို ကျော်ကြားမှုရှိနေတယ်ဆိုတာက ပိုနေတော့ သူနဲ့ယှဉ်ပြိုင်ရင် ငါရှုံးမှပဲလို့ တစ်ချို့ဆရာတွေက ထင်ကြ တယ်။ ငါကတော့ ဒီလိုမတွေးဘူး။ မကြောက်ဘူး။ တကယ်ယှဉ်ရတဲ့အခါ ခေါင်းအေးအေးထားပြီး သူ့အားနည်းချက်အပေါ် စိတ်အေးလက်အေးကစားခဲ့တဲ့အတွက် နိုင်ခဲ့ခြင်းဖြစ်တယ် ”
ဟု ဖြေခဲ့သည်။
          (FUNAKOSHI) ၏ ဆရာကြီးနှစ်ဦးဖြစ်သော (AZATO) နှင့် (ITOSU) တို့သည် ပညာ အရည်အချင်းအပြင် ပထမအမည်များပါ တူနေကြောင်း တွေ့ရသည်။ ထိုဆရာကြီးနှစ်ဦး၏ အမည် အပြည့်အစုံမှာ (YASUTSUNE AZATO) နှင့် (YASUTSUNE ITOSU) ဟူ၍ဖြစ်သည်။ နာမည်နှင့် ကရာတေးပညာတွင်သာမက အတွေးအခေါ်ပိုင်း၌လည်း ၎င်းတို့နှစ်ဦးမှာ တူညီစွာထက်မြက်ကြသည်။ သို့သော် ကိုယ်ခန္ဓာဖွဲ့စည်းပုံခြင်းမှာမူ ကွာခြားလှ၏။ (AZATO) ၏ ပုခုံးကျယ်ကျယ်၊ အရပ်ရှည်ရှည်နှင့် မျက်လုံးအကြည့် စူးရှထက်မြက်ပုံမှာ ရှေးခေတ်ဆာမူရိုင်း (SAMURAI) များနှင့် တူလှ၏။ (ITOSU) ကမူ အရပ်ပုပြတ်ပြတ်၊ ပုခုံးမကျယ်၊ ရင်အုပ်မို့မောက်၍ နှုတ်ခမ်းမွေးနှင့်ဖြစ်၏။ (ITOSU) ကား လက်အား သန်လှသူလည်း ဖြစ်သည်။ (ထိုစဉ်က အိုကီနာဝါတွင် လက်ချင်းအလှဲပြိုင်သည့် ဓလေ့ရှိရာ (AZATO) အပေါ် (ITOSU) က အမြဲနိုင်သည် ဟူသတတ်။)
         

No comments:

Post a Comment